Ko Andrew(Instructor)



B.E(Marine Engineering)

MDevS(Master of Development Studies)

Microsoft Certified Data Analyst

IBM Certified Data Scientist

ကျွန်တော်နှင့် ပိုင်သွန် ခရီးအကြောင်း


ပရိုဂရမ်မာတိုင်းမှာ သူတို့ ပရိုဂရမ်မာ ဖြစ်ဖို့ရာ လျှောက်လှမ်းခဲ့တဲ့ လမ်းတလျှောက် ဇာတ်လမ်းတပုဒ်စီ ရှိတတ်ကြတဲ့အတိုင်း ဒီစာအုပ်ကိုရေးတဲ့ ကျွန်တော့်မှာလည်း ပြောပြစရာ ဇာတ်လမ်းတခု ရှိပါတယ်။ ကျွန်တော့်မှာ တက္ကသိုလ်တက်ရောက်စဥ်အခါတုန်းက အငုံ့စိတ် တခုရှိဖူးတယ်။ သူငယ်ချင်းတွေ၊ အတန်းဖော်တွေ အများစု နားလည်နေတဲ့ ဘာသာရပ်တွေကို စာရေးသူ နားမလည်တာပါပဲ။ အထူးသဖြင့် ကွန်ပျူတာ ပရိုဂရမ်းမင်း ဘာသာရပ်ကို သင်ရတဲ့အချိန်တွေနဲ့ ပရိုဂရမ်ကို နားလည်ပြီး လက်တွေ့ရေးဖို့ရာအတွက် ပြင်ဆင်ပေးတဲ့ တပတ်တခါ ကွန်ပျူတာခန်းဝင်ရတဲ့အချိန်တွေဆို အင်မတန်ကြောက်ခဲ့တယ်။ နားမှ မလည်ပဲကိုး။ ပရိုဂရမ်ကို စာရွက်ပေါ်မှာ ချရေးတယ်၊ စာအုပ်ထဲက ကုဒ်တွေကို အလွတ်ကျက်တယ်၊ ပြီးရင် စာမေးပွဲဖြေတယ်။ အောင်မှတ်ရရင်ပြီးရော ဆိုပြီး တွေ့သမျှအကုန်ကျက်ပြီး ကြောက်ကြောက်နဲ့ အတန်းတွေပြီးခဲ့ရတော့ တွေးမိပါတယ်။ သြော် ဒီ ပရိုဂရမ်းမင်းဆိုတဲ့ ဘာသာရပ်ဟာ ငါနဲ့လားလားမှ မဆိုင်ပါလား၊ ငါဟာ ဒီလောက် မြင့်မားတဲ့ ကုဒ်တွေ၊ ပရိုဂရမ်တွေကို နားလည်ရေးသားနိုင်စွမ်းရှိဖို့ ပါရမီမပါလာခဲ့ဘူးဆိုပြီး ဒီဘာသာရပ်ကို ကျောခိုင်းခဲ့တာ ၂၀၁၀ ခုနှစ်မှာ ဘွဲ့ရတဲ့အထိပါပဲ။

           ဒီလိုနဲ့ပဲ စင်္ကာပူမှာ ပရောဂျက် အင်ဂျင်နီယာ ဘဝနဲ့ လုပ်ကိုင်ခဲ့စဥ် နှစ်နှစ်အတွင်းမှာလည်း လေ့လာရင် လေ့လာဖို့နဲ့ အလုပ်မှာ ပြန်လည်အသုံးချဖို့ အခွင့်အလမ်းတွေရှိခဲ့ပါလျက်နဲ့ ငယ်ကြောက်လို ဖြစ်သွားတဲ့ ကျွန်တော်ဟာ ပရိုဂရမ်ဆိုတဲ့အသံကို ကြားရင်ကို ခပ်ဝေးဝေးကပဲ လှမ်းမျှော်ကြည့်ဖြစ်ခဲ့ပါတယ်။နောက်ထပ် အလုပ်သစ်မှာ ရေနံအင်ဂျင်နီယာတယောက်အနေနဲ့ နိုင်ငံတကာရေနံကုမ္ပဏီတခုမှာ လုပ်ပြန်တော့လည်း လေ့လာဖို့အချိန်တွေ၊ အခွင့်အလမ်းတွေရှိတဲ့ အခါသမယမှာလည်း ပရိုဂရမ်ဆိုတဲ့အသံကို သဲ့သဲ့ကလေး ကြားရပြန်ပါတယ်။ ဒီတခေါက်မှာတော့ excel ကိုအသုံးပြုပြီး ရေးတဲ့ ပရိုဂရမ်လေးတွေကို စပြီး အသုံးပြုလာရပါတယ်။ အလုပ်ရဲ့သဘောအရ မသုံးလို့လည်း မရတဲ့အဆင့်ကို ရောက်နေလို့ excel program လေးတွေကို ကြောက်ကြောက်နဲ့ပဲ သုံးရတယ်။ သို့သော် ပရိုဂရမ်မင်းဘာသာစကားတခုခုကို အသုံးပြုရတာမျိုးစစ်စစ် မဟုတ်ပါဘူး။

           ၂၀၁၅ခုနှစ်မှာတော့ အင်ဂျင်နီယာသုံး ဆော့ဝဲလ်ပညာရပ်တွေနဲ့ အင်ဂျင်နီယာသုံး အင်္ဂလိပ်စာ၁တွေကို သင်တော့မယ်ဆိုပြီး သင်ကြားရေးလောကထဲကို ဝင်တော့တဲ့အချိန်မှာတော့ ဘာသာရပ်ပေါင်းစုံကို လေ့လာဖို့အချိန်ပိုတွေ အများကြီးထွက်လာသလို စာအုပ်တွေလည်း အတော်လေး ခပ်များများ ဖတ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် ပရိုဂရမ်မင်းပညာရပ်ဆိုတာ မိမိနှင့်မသက်ဆိုင်သော အရာဆိုတဲ့ အယူအဆကတော့ မသိစိတ်ထဲမှာ စွဲကျည်ခိုင်မာနေတဲ့ အတိုင်း ဘာသိဘာသာနေလာတာပါပဲ။

           တနေ့- ထိုနေ့ဟာ ကျွန်တော့်ရဲ့ မသိစိတ်ထဲက အငုံ့ဝင်နေတဲ့ ပရိုဂရမ်ကြောက်စိတ်ကို ချေဖျောက်ပေးနိုင်ခဲ့ပါတယ်။ Edx.org မှာ အွန်လိုင်းသင်တန်းတွေတက်နေရင်း ကျွန်တော်တက်နေတဲ့ သင်ကြားရေးနည်းနာနဲ့ သီအိုရီများအတန်းမှာ သင်ပေးနေတဲ့ ဆရာက ဘာပြောသလဲဆိုရင် ဘာသာရပ်တခု၊ နည်းနာတခုကို စတင်သင်ယူခါစ လေ့လာသူတွေကို စာသင်ကြားရာမှာ စာအုပ်တို့၊ ဆရာတို့သာလျှင် အရေးကြီးတာမဟုတ်ဘူး။ သင်ကြားနည်းစနစ်နဲ့ ချဥ်းကပ်ပုံတွေ၊ သင်ရိုးညွှန်းတမ်းရဲ့ အရေးပါပုံတွေဟာလည်း သိပ်ကို အရေးကြီးတယ်လို့ ရှင်းပြပါတယ်။ အရေးအကြီးဆုံးက လေ့လာသူတွေ ကြောက်စိတ်ဝင်မသွားဖို့ပါပဲတဲ့။ ဒီမှာတင် ကျွန်တော်သိပ်အကြောက်ကြီး ကြောက်ခဲ့ရတဲ့ ပရိုဂရမ်မင်းဘာသာရပ်အပေါ် ပြန်လည် သုံးသပ်မိရဲလာပါတယ်။ အခြေခံသိသင့် သိထိုက်တာတွေကို စတင်လေ့လာမှသာလျှင် အဆင့်မြင့်ပညာတွေကို တက်လှမ်း သင်ယူနိုင်မယ် လို့လည်း သဘောပိုက်မိလာပါတယ်။ ပရိုဂရမ်မင်းနဲ့ ပတ်သတ်တဲ့ စာတွေကို လိုက်ရှာပြီး ဖတ်မိတော့မှပဲ နောက်ထပ်သိလာရတာလေးတခုက တိုးတက်ပြီး နိုင်ငံတွေမှာ လေးငါးခြောက်တန်း ကလေးတွေကိုတောင် ကလေးများအတွက် ပရိုဂရမ်မင်းပညာ ၂ ဆိုပြီး သင်နေပါလားဆိုတာပါပဲ။ ကလေးတောင် တတ်အောင် သင်နိုင်သေးရင်၊ ငါလို ဘွဲ့ရ (ပညာတတ်လို့ မသုံးနှုန်းနိုင်လို့ မသုံးပါရစေနဲ့)တဦးက ဒီ ပရိုဂရမ်မင်းပညာကို တတ်အောင် မသင်နိုင်ရင် တယ်ညံ့လှပါလားကွယ်လို့ ညဥ်းတွားမိတယ်။

           အလျင်းသင့်လို့ ဒီနေရာမှာ ဥပမာလေးတခု ထည့်ပြောချင်ပါတယ်။ တခါတုန်းက ကုန်းပေါ်မှာ ဖားကလေး(၅)ကောင် ရှိပါတယ်။ ဖားလေးတွေဟာ တခါတရံ ကုန်းပေါ်တက်ပြီး နေပူစာထွက်လှုံလေ့ ရှိတယ်။ တစတစ ပူပြင်းလာတဲ့ နွေရာသီရဲ့ တနေ့မှာတော့ နေပူစာလှုံနေတုန်း နေဟာ အတော့်ကို ပူလာပါတယ်။အဲဒီ့ ဖားလေး(၅)ကောင်ထဲက (၂)ကောင်ဟာ အတော်လေး ပျင်းကြတယ်။ဒီလောက် ခြစ်ခြစ်တောက် နေဟာ ပူလာတော့မှာကို သိတောင် ခုန်မချချင်ဘူး။ ကျန်တဲ့ ဖားကလေး(၃)ကောင်ကတော့ စိတ်အားတက်ကြွသူတွေဖြစ်ကြတယ်။ နေက အတော့်ကို ပူလာပြီ။ ငါတို့ ရေထဲကို ခုန်ချမှပဲလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒီပုံပြင်လေးအရဆိုရင် ကန်ထဲကို ဖားကလေး ဘယ်နှစ်ကောင် ရောက်သွားပြီလဲ။ ကုန်းပေါ်မှာ ဘယ်နှစ်ကောင်ကျန်ရစ်မလဲ။

           သိပ်ကို လွယ်ကူရိုးရှင်းတဲ့ ဥပမာလေးဖြစ်ပါတယ်။ မေးခွန်းကိုဖြေတဲ့သူတွေဟာ ဒီဥပမာလေးကို အဆုံးသတ်လို့တောင် စက္ကန့်ပိုင်း မကြာလိုက်ပါဘူး။ ရေထဲမှာ ဖား(၃)ကောင်၊ ကုန်းပေါ်မှာ ဖား(၂)ကောင်လို့ မတုန့်မဆိုင်းပဲ ဖြေကြတာပါပဲ။ ဒီဖားလေး(၅)ကောင်ရဲ့ ဥပမာပုံပြင်လေးကို ပြန်ပြီးဆက်ရရင် တကယ်တမ်းမှာ နေဟာ သိပ်ပူလွန်းလာတဲ့အခါ တက်ကြွတဲ့ ဖားလေး(၃)ကောင်ဟာ ရေထဲကိုခုန်ချကြမယ်လို့ ဆုံးဖြတ်ချက် စတင် ချတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ လက်တွေ့ဆောင်ရွက်မှုဆိုတဲ့ အရေးကြီးတဲ့ အဆင့်တခုကျန်နေပါသေးတယ်။ ဒီနေရာမှာ ပြောချင်တာက ဆုံးဖြတ်ချက်ကို ချလိုက်တာနဲ့ တပြိုင်နက် မိမိလုပ်ဆောင်ရမယ့် လုပ်ငန်းတွေဟာ ချက်ချင်း အကောင်အထည်မပေါ်သေးဘူးဆိုတာပဲ ဖြစ်ပါတယ်။

           ဒီပုံပြင်ကို ဘာလို့ ပြောရသလဲဆိုရင် ရေကန်ထဲကို ခုန်ချဖို့ ဆုံးဖြတ်ချက် ချပြီး တကယ် ခုန်မချသေးတဲ့ ဖားလေး(၃)ကောင်နဲ့ တူတာဟာ ဒီစာအုပ်ကိုရေးတဲ့ စာရေးသူကိုယ်တိုင်ပါပဲ။ ပရိုဂရမ်မင်းပညာရပ်ကို ကြောက်စိတ်တွေပျောက်ပြီး ချက်ချင်းထ လေ့လာဖြစ်သလားဆိုရင် မလုပ်ခဲ့နိုင်ပါဘူး။ နေ့တဒူဝ အလုပ်တွေ၊ငွေကြေးအမြတ်အစွန်းရမယ့် ကော်ပိုရိတ်သင်တန်းတွေ၊ ပရောဂျက်တွေ၊မိသားစုဘဝတွေ၊အခြားဘွဲ့လွန်သင်တန်းတွေနဲ့တင် လုံးလည်ချာလိုက်ပြီး ပရိုဂရမ်မင်းကို စတင်လေ့လာမယ်လို့ ဆုံးဖြတ်ချဖြစ်ခဲ့တဲ့ ကာလကနေ ရေတွက်ရင် သုံးနှစ်လောက် ကြာတဲ့ အချိန်ကျမှ စိုက်လိုက်မတ်လိုက် သေချာ စနစ်တကျလေ့လာဖြစ်ခဲ့ပါတယ်။ လေ့လာရင်း သင်တန်းတွေပြန်သင်တာ၊ အဆင့်မြင့်အနေအထားတခုထိ နားလည်သဘောပေါက်လာတဲ့ တနေ့မှာတော့ မိမိလို ပရိုဂရမ်မင်းကြောက်ရောဂါရှိနိုင်မယ့်သူတွေ၊ လူငယ်တွေအနေနဲ့ နိုင်ငံတကာမှာ ဟိုးဟိုးကျော်အောင် ထင်ရှားလာပြီး၊ဒေတာသိပ္ပံပညာရှင်တွေ၊အင်ဂျင်နီယာတွေ၊ ဝက်ဆိုဒ်ရေးသားသူတွေ၊ဘောဂဗေဒသမားတွေ၊ ငွေကြေးစီမံခန့်ခွဲမှု အစရှိတဲ့ နယ်ပယ်အစုံကလူတွေ လေ့လာသင်ကြားနေကြတဲ့ ပိုင်သွန်း ပရိုဂရမ်မင်းပညာရပ်ကို စနစ်တကျနဲ့ အခြေခံကျကျ ‌လေ့လာသင်ယူနိုင်ဖို့ စာအုပ်ကောင်းတအုပ်ကို စာဖတ်သူတို့ထံ အရောက်ပို့ပေးချင်စိတ် ပေါ်လာတဲ့ အတွက် ဒီစာအုပ်ကိုစတင်ရေးသားဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်လို့မှ ပိုင်သွန် ပရိုဂရမ်မင်းပညာရပ်ကို မတတ်မြောက်ရင် ဒါဟာ စာရေးသူရဲ့ ဘာသာရပ်အပေါ် လေ့လာသူတွေနားလည်အောင် ရှင်းပြနိုင်မှု အားနည်းတာ၊အင်မတန် ပျင်းစရာကောင်းတဲ့ ရေးဟန်သားဟန်နဲ့ ရေးတာ(စာတတန်ပေတဖွဲ့နဲ့ syntax တွေချည်း ရှင်းပြတာမျိုး)၊ သင်ကြားမှုနည်းနာနဲ့ ပညာကို မကျွမ်းကျင်တာ၊နိုင်ငံတကာမှာလို ကလေးတောင် တတ်အောင် စနစ်တကျနဲ့ သင်ပေးနေနိုင်ချိန်မှာ ၁၈ နှစ်အထက် လူကြီးတွေ နားလည်အောင် ရေးပြ မရှင်းလင်းနိုင်တဲ့ စာရေးသူ ကျွန်တော့်ရဲ့ ချွတ်ချော်အားနည်းမှုကြောင့်သာ ဖြစ်ရပါမယ်။ မိမိကြောင့် လေ့လာသူတို့ ပရိုဂရမ်မင်းဘာသာရပ်အပေါ် ကြောက်စိတ်၊အငုံ့စိတ်ဝင်သွားမှာကို စိုးရိမ်မိသလို ဝဋ်လည်ပြီး ပညာပါရမီဖြည့်ရာ ဘဝတိုင်း ဒီကံဟာ ပြန်လည် အကျိုးပေးမှာကို စာရေးသူ အင်မတန် စိုးရွံ့မိပါတယ်။ အချိန်ပေးပြီး စာဖတ်တဲ့သူရဲ့ တန်ဖိုးရှိတဲ့ အချိန်နဲ့ ခွန်အားကို အဟောသိကံ အဆုံးအရှုံး မဖြစ်ရအောင်လည်း အထူးဂရုစိုက်ပြီး ဒီစာအုပ်ကို ပြုစု ရေးသားထားပါတယ်။ စာအုပ်တအုပ်ထဲမှ ဘာသာပြန်ခြင်းမျိုး မဟုတ်ပဲ လေ့လာဖတ်ရှုထားသမျှ စာအုပ်၊အင်တာနက်စာမျက်နှာ၊ အွန်လိုင်း သင်တန်း အစရှိသည်တို့မှ နိုင်ငံတကာမှ ပညာရှင်များရဲ့ စာများကိုလည်း reference များအနေနဲ့ အခန်းတိုင်းရဲ့ နောက်မှာ ထည့်သွင်းဖော်ပြသွားပေးပါ့မယ်။

Example Curriculum

  1.Course Overview
Available in days
days after you enroll
  VARIABLES AND SIMPLE DATA TYPES
Available in days
days after you enroll
  3.Python Data Types
Available in days
days after you enroll

Invest yourself

$29

Life_Time_Access

တခါသင်တန်းတက်၊ဘယ်အချိန်ဝင်လေ့လာပါစေ ပြန်လေ့လာလို့ အဆင်ပြေစေမယ့် အတန်းတခုဖြစ်ပါတယ်။


မြန်မာငွေနဲ့လွှဲလိုပါက သင်တန်းကြေး ငါးသောင်းကျပ် ကျသင့်မှာ ဖြစ်ပါတယ်။


အဆင်ပြေတာ တခုခုနဲ့ လွှဲနိုင်ပါတယ်။လွှဲပြီးရင် Receipt 📄လေးကို [email protected] ကို ပို့ပေးပါ။ 

Beneficiary Name: Aung Myint Myat  

CB : 0131 6001 0001 9167

KBZ:  139 301 13900231601

AYA 0100  2010 1002 9681  

Wave  Pay, KBZ Pay: 099  6540 1222