ကျွန်တော်တို့ မြန်မာပြည်ကလူတွေတင် မဟုတ်ပါဘူး။ အခြေခံအားဖြင့် လေ့လာကြည့်မယ်ဆိုရင် တကမ္ဘာလုံးက လူ အများစုမှာလည်း တူညီတဲ့ လိုအင် ဆန္ဒတွေ ရှိကြပါတယ်။ဒါက အိမ်အကြီးကြီးတွေ၊ ကားအမိုက်စားတွေ ပိုင်ဆိုင်ကြဖို့ မဟုတ်ကြဘူး။ ကိုယ်ချစ်မြတ်နိုးတဲ့ အရာတွေကို လုပ်ကိုင်ရင်း လုံလောက်တဲ့ ၀င်ငွေတခု ရနေဖို့ပါပဲ။ ၀မ်းနည်းစရာကောင်းတာ တခုက လူအများစုဟာ သူတို့ မလုပ်ချင်တဲ့ အလုပ်တွေကိုပဲလုပ်နေရပြီး ၀င်ငွေတခုရအောင် ဘ၀ကို ရုန်းကန်နေကြရတယ်။ သူတို့ လုပ်ချင်တာတွေ လုပ်ဖို့ ရှေ့တလှမ်းတိုးဖို့ အရေးတောင် ငဲ့ညှာရမှာတွေ၊ နေက်ပြန်ဆွဲနေတဲ့ အတွေးတွေ၊ ဖြစ်မှ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေက တားဆီးနေကြလို့ အဆုံးသတ်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားတာနဲ့တင် နိဂုံးချုပ်ရတာတွေကလည်း ဒုနဲ့ဒေး ရှိပါတယ်။


ခင်ဗျားတို့အနေနဲ့ စိတ်ပျက်လက်ပျက် အဆင့်ထိတောင် ရောက်နေပြီဆိုတဲ့ လူတယောက်လို့ ကိုယ့်ကိုယ်ကို မြင်နေရင်တော့ ဒီအတွေးကို ပြောင်းဖို့အတွက် အဖြေတခု ရှိနေပါလိမ့်မယ်။ ကျွန်တော့့် အသက် နှစ်ဆယ့် ခုနစ်နှစ်အရွယ် လွန်ခဲ့တဲ့ ခြောက်နှစ်လောက်(၂၀၁၄)တုန်းက ကျွန်တော်ဟာ တလကို ၁၅သိန်းလောက် ရနေတဲ့ နိုင်ငံခြား ရေနံကုမ္ပဏီတခုကနေ ထွက်လိုက်တယ်။ အွန်လိုင်း သင်ကြားရေး အလုပ်တခုကို စမယ်လို့ ဆုံးဖြတ်ပြီး ထွက်လိုက်တာပါ။ အွန်လိုင်း ၀က်ဆိုဒ်တခု၊ဒါမှမဟုတ် ပလက်ဖောင်းတခုကို(၀က်ဆိုဒ်နဲ့ ပလက်ဖောင်း မတူတာကို နောက်ပိုင်းမှာ သီးသန့် ရှင်းပြပါမယ်) စလုပ်မယ်ပေါ့ဗျာ။ ကျွန်တော်က အင်ဂျင်နီယာဆိုတော့ အင်ဂျင်နီယာလူငယ်တွေကို AutoCADတို့၊ အင်ဂျင်နီယာလုပ်ငန်းသုံး အင်္ဂလိပ်စာတို့ စတာတွေကို သင်မယ်လို့ တွေးတာပါ။သူများနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်တုန်းကတော့ သူတို့ ကုမ္ပဏီတွေမှာ ၀န်ထမ်းတွေအတွက် သီးသန့် လေ့ကျင့်ရေးပေးတဲ့ Online Portal တွေ အများစုကိုတော့ မြင်ဖူးထားပါတယ်။ ဒါပေမယ့် သေချာတာ တခုကတော့ ကျွန်တော့်မှာ အဲ့ဒီကာလတုန်းက လုပ်ချင်စိတ် တခုပဲ ရှိခဲ့တာပါ။ အွန်လိုင်းသင်ကြားရေး အတွေ့အကြုံ၊အင်တာနက် မားကတ်တင်း နည်းစနစ်တွေနဲ့ ၀က်ဆိုဒ်တည်ဆေက်ခြင်းအတတ်ပညာ အစရှိတဲ့ အရာတွေနဲ့ မယဥ်ပါးခဲ့ဘူး။မိမိရင်ဘတ်ထဲကလာတဲ့ အိပ်မက် အပိုင်းအစလေးကို သေချာ အကောင်အထည်ဖို့ စွဲမြဲတဲ့ သဓိဌာန်တော့ ချထားခဲ့တယ်။

ခုဆိုရင် ဒီစာစုကို ရေးတဲ့အချိန်ထိ ကျောင်းသားပေါင်း ၂၀,၀၀၀ ကျော်လောက်ကို အွန်လိုင်းကနေ တဆင့် သင်ကြားပြီးခဲ့တယ်။ အစပိုင်းမှာ ကိုယ်တတ်နိုင်သလောက် အသေးစားလေးကနေ တဆင့် စခဲ့တဲ့ အလုပ်ဟာ လူစိတ်၀င်စားတဲ့ စီးပွားရေး အလုပ်တခု ဖြစ်လာခဲ့တယ်။ ကျွန်တော် ဒီစာအုပ်ကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော့် အတွေ့အကြုံတွေကို ‌ဝေမျှဖို့ ဖြစ်သလို ကျွန်တော်တို့ လုပ်ရင်းကိုင်ရင်း မသိလို့၊နားမလည်လို့ ကြုံခဲ့ရတဲ့ အခက်အခဲတွေကို ရှောင်ကွင်းပြီး အလုပ်ဖြစ်တဲ့ နည်းတွေကို ပြောပြဖို့ပဲ ဖြစ်ပါတယ်။ စာသင်ကြားခြင်းအပေါ်မှာ မွေ့လျော်သူဆိုရင်တော့ အွန်လိုင်းစာသင်ကြားခြင်းကို လုပ်ချင်တာက မှန်ကန်ပါတယ်။ ငွေတခုရဖို့ သက်သက်၊ နာမည်ကြီးဖို့ တခုသက်သက် စာသင်ကြားခြင်းအပေ် စိတ်၀င်စားတာကတော့ မလုပ်ကောင်းပါဘူး။ဒီစာအုပ်မှာက ကိုယ်ပိုင် အွန်လိုင်းစာသင်ကြားခြင်း အလုပ်တခုကို စတင်မယ့် လူတွေအတွက် ဘာတွေတည်ဆောက်ဖို့၊ပြင်ဆင်ဖို့ လိုအပ်သလဲဆိုတာကို ရှင်းပြပေးမှာပါ။
(၁) စဥ်းစားမှု (Thinking)
(၂) ဖန်တီးမှု (Creation)
(၃) ‌မျှ‌ဝေမှု (Sharing)
(၄) တည်ဆောက်မှု (Building)ဆိုပြီး အပိုင်း လေးပိုင်းခွဲထားပါတယ်။

စဥ်းစားခြင်း အခန်းမှာက အွန်လိုင်းဆရာတယောက် ဖြစ်ဖို့ လိုအပ်တဲ့ စိတ်နဲ့ခံယူချက်(mindset)အတွက် ဘာတွေလုပ်ဖို့ လိုအပ်သလဲဆိုတာတွေကို ပြောပြမှာပါ။

ဖန်တီးခြင်းအခန်းမှာက အွန်လိုင်းသင်တန်းတွေကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ဘယ်လို ဖန်တီးရမလဲဆိုတာကို ဆွေး‌နွေးပါမယ်။

မျှ‌ဝေခြင်း အခန်းမှာက တကယ်စိတ်၀င်စားပြီး သင်တန်းတက်ချင်တဲ့ ကျောင်းသားတွေဆီကို ရောက်ဖို့ရာအတွက် ကိုယ်သင်ကြားတဲ့ သင်တန်းကို မားကတ်တင်းကို ထိထိရောက်ရောက် ဘယ်လို လုပ်မလဲဆိုတာကို ဆွေးနွေးပါ့မယ်။

နောက်ဆုံး တည်ဆောက်မှု အခန်းမှာတော့ အလန်းစား သင်တန်းတွေနဲ့ အလုပ်တကယ်ဖြစ်တဲ့ အွန်လိုင်း စာသင်ကြားရေး အလုပ်တွေကို ဖန်တီးဖို့ရာအတွက် ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်း toolတွေကို ဘယ်လို အသုံးပြုရမလဲဆိုတာတွေကို ဆွေးနွေးပါမယ်။

စာရေးသူ ကျွန်တော်အနေနဲ့ ဒီစာအုပ်က စိတ်၀င်စားစရာတွေနဲ့ အတူ အသုံးတည့်မယ့် စာအုပ်လေး တအုပ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အသိပညာရစရာအချက်တွေကို နာရီပေါင်းများစွာကြာအောင် ရှာဖွေ ထုတ်နုတ်ထားပြီး ရေးထားတဲ့အတွက် ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ရဲ့ စကားနဲ့ ပြောရရင် ကျွန်တ်ော့စာဖတ်လို့ မမြတ်တိုင်စေ၊မရှုံးစေသားဆိုတဲ့ အာမခံချက်လေးတော့ ပေးနိုင်ပါတယ်။စာဖတ်သူအနေနဲ့ မေးစရာမေးခွန်းစကားတွေများ ရှိလာခဲ့ရင်၊ဒီ့ထက်ပိုပြီး ဒီခေါင်းစဥ်ကို အသေးစိတ်ကျကျ ရှင်းပြသင့်တယ်လို့ ထင်မြင်ရင်၊ဒါမှမဟုတ် မထည့်ပဲ ချန်ထားခဲ့တဲ့ အကြောင်းအရာတွေများ ရှိခဲ့တယ်ထင်ရင် ကျွန်တော့်ရဲ့ အီးမေးလ်ဖြစ်တဲ့ [email protected] ကို စာပို့ပြီး ပြောနိုင်ပါတယ်။ မိတ်ဆွေရဲ့ စာကို ပြန်တာ၊ လိုအပ်ရင် ဗီဒီယိုသင်ခန်းစာဖိုင်လုပ်ပြီး ရှင်းပြတာမျိုးကို လုပ်ပေးပါ့မယ်။ ကျွန်တော် မျှော်လင့်တာကတော့ ဒီစာအုပ်မှာ လေ့လာခဲ့ရတာတွေကို ပြန်အသုံးချပြီး လက်တွေ့ ဘ၀မှာ အောင်မြင်တဲ့ အွန်လိုင်းသင်ကြားရေး ဆရာတယောက်ဖြစ်စေချင်တာပါ။

ဆက်ပါဦီးမည်။


ကိုအင်ဒရူး